ရတနာသုတ် မြန်မာဘာသာပြန်
Peace of mind by nature
0:00 / 0:00
ရတနာသုတ် မြန်မာဘာသာပြန်
1 194 просмотра · 2 нед. назад
Peace of mind by nature
39 подписчиков
1 194 просмотра · 2 нед. назад
ရတနသုတ် (ရတနာ့သုတ်) မြန်မာပြန်
၁။ မြေ၌ တည်ကုန်သော နတ်၊ ကောင်းကင်၌ တည်ကုန်သော နတ် အလုံးစုံတို့သည် ဤအရပ်သို့ စည်းဝေးရောက်လာကြပါကုန်၏။ ထိုရောက်လာသော နတ်အပေါင်းတို့သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါကုန်လော့။ ထို့ပြင် ငါတို့ ရွတ်ဆိုအပ်သော ပရိတ်တရားတော်ကို ရိုသေလေးစားစွာ နာယူကြပါကုန်လော့။
၂။ အို-နတ်အပေါင်းတို့... ထို့ကြောင့် သင်တို့သည် ကောင်းစွာ နာယူမှတ်သားကြပါကုန်လော့။ လူတို့သည် နေ့ရောညဉ့်ပါ သင်တို့အား ပူဇော်သက္ကာရ ပြုကြကုန်၏။ ထိုလူသားတို့အပေါ်၌ ချစ်ခင်ကြင်နာသော မေတ္တာစိတ်ကို ထားကြပါကုန်လော့။ မမေ့မလျော့ဘဲ လူတို့ကို ကာကွယ်စောင့်ရှောက်ကြပါကုန်လော့။
၃။ လူ့ပြည်၌သော်လည်းကောင်း၊ နဂါးဂဠုန်စသော အခြားလောက၌သော်လည်းကောင်း၊ နတ်ပြည်ခြောက်ထပ်၌သော်လည်းကောင်း မွန်မြတ်လှစွာသော ရတနာတို့သည် ရှိကြကုန်၏။ ထိုရတနာတို့သည် မြတ်စွာဘုရားနှင့် တူမျှခြင်း မရှိကြပေ။ မြတ်စွာဘုရားတည်းဟူသော ဤရတနာသည် အလွန်မွန်မြတ်ပါပေ၏။ ဤမှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ဘေးရန်ကင်းကွာ ချမ်းသာကြပါစေသတည်း။
၄။ သာကီဝင်မင်းတို့၏ အထွတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် တည်ကြည်ငြိမ်သက်စွာဖြင့် ကိလေသာကုန်ခမ်းရာ၊ ရာဂကင်းရာ၊ သေခြင်းမရှိရာ၊ မွန်မြတ်လှစွာသော နိဗ္ဗာန်တရားကို မျက်မှောက်ပြုတော်မူခဲ့လေပြီ။ ထိုနိဗ္ဗာန်တရားနှင့် တူမျှသော အခြားတရားဟူသည် မရှိတော့ပေ။ ဤတရားရတနာသည် အလွန်မွန်မြတ်ပါပေ၏။ ဤမှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ဘေးရန်ကင်းကွာ ချမ်းသာကြပါစေသတည်း။
၅။ မြတ်စွာဘုရားသည် စင်ကြယ်သန့်ရှင်းသော အရဟတ္တမဂ်သမာဓိကို ချီးကျူးတော်မူခဲ့၏။ ထိုသမာဓိသည် အခြားမဲ့၌ အကျိုးတရား (ဖိုလ်ဉာဏ်) ကို ပေးစွမ်းနိုင်သောကြောင့် "အာနန္တရိကသမာဓိ" ဟု ခေါ်ဆိုအပ်၏။ ထိုသမာဓိနှင့် တူမျှသော အခြားသမာဓိဟူသည် မရှိပေ။ ဤတရားရတနာသည် အလွန်မွန်မြတ်ပါပေ၏။ ဤမှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ဘေးရန်ကင်းကွာ ချမ်းသာကြပါစေသတည်း။
၆။ ဘုရားစသော သူတော်ကောင်းတို့ ချီးမွမ်းအပ်သည့် အစုံအားဖြင့် လေးစုံ၊ ပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်ရှိသော အရိယာသံဃာတော်တို့သည် မြတ်စွာဘုရား၏ တပည့်သား အစစ်တို့ ဖြစ်ကြကုန်၏။ မြတ်သော အလှူကို ခံယူထိုက်ကုန်၏။ ထိုအရိယာသံဃာတော်တို့အား ပေးလှူအပ်သော အလှူဒါနတို့သည် ကြီးမားသော အကျိုးကျေးဇူးကို ဖြစ်ထွန်းစေကုန်၏။ သံဃာတည်းဟူသော ဤရတနာသည် အလွန်မွန်မြတ်ပါပေ၏။ ဤမှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ဘေးရန်ကင်းကွာ ချမ်းသာကြပါစေသတည်း။
၇။ ထိုအရိယာပုဂ္ဂိုလ်တို့သည် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ မြဲမြံသောစိတ်ဖြင့် စွဲမြဲစွာ အားထုတ်ကြကုန်၏။ ကာမဂုဏ်တို့၌ တပ်မက်စွဲလမ်းမှု ကင်းကုန်၏။ သေခြင်းကင်းရာ နိဗ္ဗာန်သို့ ဆိုက်ရောက်ကြကုန်၍ အရဟတ္တဖိုလ်ချမ်းသာကို အဖိုးအခမပေးရဘဲ ရယူခံစားကြရကုန်၏။ သံဃာတည်းဟူသော ဤရတနာသည် အလွန်မွန်မြတ်ပါပေ၏။ ဤမှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ဘေးရန်ကင်းကွာ ချမ်းသာကြပါစေသတည်း။
၈။ မြေ၌ စိုက်ထူထားသော တံခါးတိုင်သည် အရပ်လေးမျက်နှာမှ လာသော လေပြင်းမုန်တိုင်းတို့ကြောင့် တုန်လှုပ်ခြင်းမရှိသကဲ့သို့၊ အရိယသစ္စာလေးပါးကို ပညာဉာဏ်ဖြင့် ထိုးထွင်းသိမြင်သော သောတာပန်ပုဂ္ဂိုလ်ကို ထိုတံခါးတိုင်နှင့် တူ၏ဟု ငါဘုရား ဟောကြားတော်မူ၏။ သံဃာတည်းဟူသော ဤရတနာသည် အလွန်မွန်မြတ်ပါပေ၏။ ဤမှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ဘေးရန်ကင်းကွာ ချမ်းသာကြပါစေသတည်း။
၉။ နက်နဲသော ဉာဏ်ပညာရှိတော်မူသော မြတ်စွာဘုရား ကောင်းစွာဟောကြားအပ်သည့် အရိယသစ္စာတို့ကို ထိုးထွင်းသိမြင်ကုန်သော ထိုသောတာပန်ပုဂ္ဂိုလ်တို့သည် အကယ်၍ မေ့လျော့ပေါ့ဆခြင်း ဖြစ်ခဲ့ပါမူလည်း ရှစ်ကြိမ်မြောက် ဘဝသို့ မရောက်ကြကုန် (ခုနစ်ဘဝအတွင်း၌သာ ကျင်လည်၍ နိဗ္ဗာန်ဝင်စံကြကုန်၏)။ သံဃာတည်းဟူသော ဤရတနာသည် အလွန်မွန်မြတ်ပါပေ၏။ ဤမှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ဘေးရန်ကင်းကွာ ချမ်းသာကြပါစေသတည်း။
၁၀။ သောတာပတ္တိမဂ်ဉာဏ်ကို ရရှိပြီးသည်နှင့်တစ်ပြိုင်နက် သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာနှင့် သီလဗ္ဗတပရာမာသ တည်းဟူသော သံယောဇဉ်တရား ၃ ပါးတို့ကို ပယ်စွန့်ပြီး ဖြစ်ကုန်၏။ အပါယ်လေးဘုံသို့ ကျရောက်ခြင်းမှ လွတ်မြောက်ကြပြီး ဖြစ်ကုန်၏။ ကြီးလေးသော အာနန္ဒရိယကံ ၆ ပါးတို့ကိုလည်း မည်သည့်အခါမျှ မပြုကျင့်ကြတော့ပေ။ သံဃာတည်းဟူသော ဤရတနာသည် အလွန်မွန်မြတ်ပါပေ၏။ ဤမှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ဘေးရန်ကင်းကွာ ချမ်းသာကြပါစေသတည်း။
၁၁။ ထိုသောတာပန်ပုဂ္ဂိုလ်သည် ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ မကောင်းမှုကို ပြုမိပါသော်လည်း ထိုအပြစ်ကို ဖုံးကွယ်မထားဘဲ ထင်ရှားစွာ ဖွင့်ဟဝန်ခံတတ်၏။ နိဗ္ဗာန်ကို မြင်ပြီးသော ပုဂ္ဂိုလ်အား အပြစ်ကို ဖုံးကွယ်ထားခြင်းငှာ မစွမ်းနိုင်ဟု မြတ်စွာဘုရား ဟောကြားတော်မူ၏။ သံဃာတည်းဟူသော ဤရတနာသည် အလွန်မွန်မြတ်ပါပေ၏။ ဤမှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ဘေးရန်ကင်းကွာ ချမ်းသာကြပါစေသတည်း။
၁၂။ နွေကာလ အစပထမလ၌ သစ်ပင်ထိပ်ဖျားတို့သည် ပွင့်လန်းဝေဆာကြသကဲ့သို့၊ မြတ်စွာဘုရားသည် နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော မြတ်လှစွာသော ဓမ္မတရားကို သတ္တဝါတို့၏ အကျိုးစီးပွားငှာ ဟောကြားပြသတော်မူခဲ့လေပြီ။ ဘုရားတည်းဟူသော ဤရတနာသည် အလွန်မွန်မြတ်ပါပေ၏။ ဤမှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ဘေးရန်ကင်းကွာ ချမ်းသာကြပါစေသတည်း။
၁၃။ မြတ်သော နိဗ္ဗာန်ကို သိတော်မူသော၊ မြတ်သောတရားကို ပေးလှူတော်မူသော၊ မြတ်သောတရားကို ဆောင်ကြဉ်းတော်မူသော အတုမရှိ မြတ်စွာဘုရားသည် မြတ်သောတရားတော်ကို ဟောကြားတော်မူခဲ့လေပြီ။ ဘုရားတည်းဟူသော ဤရတနာသည် အလွန်မွန်မြတ်ပါပေ၏။ ဤမှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ဘေးရန်ကင်းကွာ ချမ်းသာကြပါစေသတည်း။
၁၄။ ထိုရဟန္တာအရှင်မြတ်တို့၏ ကံဟောင်းတို့သည် ကုန်ခမ်းလေပြီ၊ ဘဝသစ်ကို ဖြစ်စေမည့် ကံအသစ်တို့သည်လည်း မဖြစ်ပေါ်တော့ပေ။ နောင်ဘဝ၌ ပဋိသန္ဓေတည်နေခြင်းငှာ စိတ်အလိုမရှိကြတော့ဘဲ ကုန်ခမ်းပြီးသော ပဋိသန္ဓေမျိုးစေ့ ရှိကြကုန်၏။ ဆန္ဒတပ်မက်မှုတို့လည်း မစည်ပင်ကြတော့ပေ။ ထိုပညာရှိ ရဟန္တာအရှင်မြတ်တို့သည် ဆီမီးငြိမ်းသကဲ့သို့ နိဗ္ဗာန်သို့ ဝင်စံတော်မူကြကုန်၏။ သံဃာတည်းဟူသော ဤရတနာသည် အလွန်မွန်မြတ်ပါပေ၏။ ဤမှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ဘေးရန်ကင်းကွာ ချမ်းသာကြပါစေသတည်း။