စစ်တပ်နဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ အမေရိကန် စတင် | People's Spring
People's Spring
0:00 / 0:00
စစ်တပ်နဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ အမေရိကန် စတင် | People's Spring
19 392 просмотра · 12 часов назад
People's Spring
704 тыс. подписчиков
19 392 просмотра · 12 часов назад
စစ်တပ်နဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ အမေရိကန် စတင်
အောက်တိုဘာ-၉၊ ၂၀၂၆။ People's Spring
မြန်မာနဲ့ ပတ်သက်လို့ ကြီးမားတဲ့ မူဝါဒ အပြောင်းအလဲအနေနဲ့ အမေရိကန်အစိုးရဟာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်လာတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်ဟာ စစ်အုပ်စုကို နိုင်ငံတကာ အသိုက်အဝန်းကနေ ဖယ်ကြဉ်ပြီး အထီးကျန်နေအောင် ဖိအားပေးတဲ့ မူဝါဒကို အစဉ်တစိုက် ကျင့်သုံးခဲ့ပေမယ့် အခုတော့ စစ်တပ်နဲ့ တိုက်ရိုက် စကားပြောမှုတွေ ရှိနေကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူတွေနဲ့ အဲဒီ ဆွေးနွေးမှုတွေအကြောင်း သိထားတဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနဲ့ သုတေသနဌာန လက်ထောက်ဝန်ကြီး မိုက်ကယ်ဗန့်စ်ဟာ စစ်တပ်နဲ့ ဆွေးနွေးမှုတွေမှာ အဓိက ဦးဆောင်နေရာက ပါဝင်နေတယ်လို့ ဆိုပါတယ်။
ကနဦး ဆွေးနွေးမှုတွေဟာ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရေးကိစ္စ ပူးပေါင်းဆောင်ရွက်ဖို့ ဦးတည်နေပြီး အဲဒီနောက်မှာတော့ မြန်မာနိုင်ငံမှာ မြေရှားသတ္တုတွေ ထုတ်လုပ်ရေးနဲ့ တခြားကဏ္ဍတွေမှာပါ ညှိနှိုင်းလုပ်ဆောင်လာနိုင်တယ်လို အမေရိကန် အစိုးရရဲ့ မူဝါဒ အပြောင်းအလဲအကြောင်း သိရှိထားတဲ့ သတင်းရင်းမြစ် ၇ ဦးက ရိုက်တာကို ပြောပါတယ်။
မိုက်ကယ်ဗန့်စ်ဟာ စက်တင်ဘာ ၁၅ နဲ့ ၁၆ ရက်တွေမှာ နေပြည်တော်ကို သွားရောက်ခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဓိက ဆွေးနွေးမှုဟာ စစ်တပ်က ဖမ်းဆီးထားတဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင် အဒမ်ကက်စတီလို လွတ်မြောက်ရေးကိစ္စ ညှိနှိုင်းဖို့ ဖြစ်ပေမယ့် နှစ်နိုင်ငံကြား ညှိနှိုင်းဆောင်ရွက်မှု ကဏ္ဍသစ်တွေ ဖွင့်လှစ်နိုင်မယ့် အလားအလာတွေကိုပါ ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး မြန်မာ့ဒီမိုကရေစီအစိုးရကို ဖြုတ်ချခဲ့တဲ့နောက်ပိုင်း အမေရိကန်အစိုးရအရာရှိတွေနဲ့ မြန်မာစစ်အာဏာပိုင်တွေကြား အမြင့်ဆုံး ထိတွေ့ဆက်ဆံမှုလည်း ဖြစ်ခဲ့ပါတယ်။ အမေရိကန်ဟာ သမ္မတ ဒေါ်နယ်လ်ထရမ့် အစိုးရ လက်ထက်မှာ မြန်မာနဲ့ ပတ်သက်ရင် ဒီမိုကရေစီရေးကို အားပေးတဲ့ မူဝါဒကနေ အကျိုးစီးပွားကို ဦးစားပေးတဲ့ မူဝါဒဖက်ကို ကူးပြောင်း ကျင့်သုံးစ ပြုလာတာ ဖြစ်ပါတယ်။
အမေရိကန်ဟာ စစ်တပ်နဲ့ တိုက်ရိုက်ဆွေးနွေးမှု လမ်းကြောင်းကို ရွေးချယ်လာပေမယ့် မင်းအောင်လှိုင်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေအတွက် အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုအောက်မှာ ဆက်ရှိနေဆဲပါ။ ပြီးတော့ စစ်တပ်ဟာလည်း ပြည်သူတွေအပေါ် ရက်ရက်စက်စက်နဲ့ လူမဆန်တဲ့ တိုက်ခိုက်မှုတွေကို လက်မရွံ့စတမ်း ဆက်ပြီး ကျူးလွန်နေဆဲ ဖြစ်ပါတယ်။
မိုက်ကယ်ဗန့်စ်က နေပြည်တော်ကို ရောက်ရှိခဲ့ပြီး နှစ်ပတ်မပြည့်ခင်မှာပဲ အာဏာသိမ်း စစ်တပ်ဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ထဲက လူစည်ကားရာ စျေးတစ်ခုနဲ့ အနီးမှာရှိတဲ့ တံတားတို့ကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လူ ၅၀ လောက်သေပြီး ၆၀ ဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာ မြန်မာနိုင်ငံမှာ ရှိသမျှ ကွဲပြားတဲ့ အစုအဖွဲ့ အားလုံးနဲ့ ဆွေးနွေးနေပြီး တစ်ဖက်မှာလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာဖို့၊ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ လိုအပ်နေကြောင်း မှတ်ချက်ပေးထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တော်မီပစ်ဂေါ့က ပြဿနာတွေကို မသိကျိုးကျွံ ပြုထားရုံနဲ့ ပြေလည်သွားမှာ မဟုတ်ဘဲ ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
အမေရိကန်နဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ ရှိနေသလားလို့ မြန်မာစစ်တပ်ဘက်ကို ရိုက်တာက ဆက်သွယ်မေးမြန်းရာမှာတော့ အကြောင်းပြန်ကြားခြင်းမရှိဘူးလို့ သိရပါတယ်။
=====
ပေါက်တောမှာ ကမ်းတက်ဖို့ ကြိုးစားတဲ့ စစ်သားတွေ ဆယ်ချီ သေဆုံး
အောက်တိုဘာ-၉၊ ၂၀၂၆။ People's Spring
စစ်တွေမြို့ရဲ့မြောက်ဘက်နဲ့ အနောက်ဘက်စစ်မျက်နှာတွေမှာ အထိနာနေတဲ့ စစ်တပ်ဟာ မြို့အရှေ့ဘက်ရှိ ပေါက်တောမြို့နယ် ငပြီကျွန်းကို ကြည်း၊ ရေ၊ လေ ပစ်ကူ သုံးပြီး ကမ်းတက်ဖို့ ထပ်မံကြိုးစားလာခဲ့ပါတယ်။
အဲဒီလိုကမ်းတက်ဖို့ ကြိုးစားလာမှုကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က ၄၀ ကျော်သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်ဟာ ရွှေမင်းဂံရေတပ်စခန်းရဲ့ အရှေ့ဘက် ကုလားတန်မြစ်လယ်ကျွန်း ခေါ် ငပြီကျွန်းကို အောက်တိုဘာ ၇ ရက်ကတည်းက ထောက်ပို့လေယာဉ် Y12 ၊ တိုက်လေယာဉ် အစီး ၁၀ကျော်၊ စစ်သင်္ဘော ၅ စီးခန့်နဲ့ ပစ်ကူပေး ကမ်းတက်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပြီး အောက်တိုဘာ ၈ရက် မနေ့ကအထိလည်း ကမ်းတက်ဖို့ဆက်ကြိုးစားနေတယ်လို့ သိရပါတယ်။
စစ်သား ၃၀ လောက် ကမ်းတက်နိုင်ခဲ့ပြီး ကမ်းစပ်က တိုက်ပွဲမှာ ၄၀ ကျော်သေဆုံးသွားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်သားတွေဟာ အသေခံပြီး ကမ်းတက်ဖို့ ကြိုးစားနေတာလို့လည်း သူက ဆက်ပြောပါတယ်။
အောက်တိုဘာ ၇ ရက်မှာ စစ်တွေမြို့နယ် ပါဒလိတ်တပ်ရင်းအနီး အမြင့်ကျွန်းဝန်းကျင်၊ ရွှေမင်းဂံရေတပ်စခန်းဝန်းကျင်တို့ကနေ AA က စစ်တပ်စခန်းတွေကို တပြိုင်နက် အပြင်းအထန်ထိုးစစ်ဆင်နေခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်ရဲ့ သေဆုံးမှုတွေနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #အမေရိကန် #စစ်ကောင်စီ #တိုက်ရိုက်ဆွေးနွေးမှု #နိုင်ငံတကာဒီပလိုမေစီ #မြန်မာ့အရေး #နိုင်ငံတကာသတင်း #USJunta #DirectTalks #USMyanmarPolicy #Diplomacy #MyanmarCrisis #WorldNews #ပေါက်တောတိုက်ပွဲ #အာရက္ခတပ်တော် #ကမ်းတက်စစ်ဆင်ရေး #ရခိုင်စစ်ရေး #မြန်မာ့စစ်ရေးသတင်း #PauktawBattle #ArakanArmy #AmphibiousLanding #RakhineConflict #MyanmarConflict #MyanmarNews