ဗန်းမောက်မှာ စစ်အုပ်စုနဲ့ SNA တပ်တွေက ကဒူးတိုင်းရင်းသားတွေကို ပေါ်တာဆွဲ ဖမ်းဆီးနှိပ်စက်တာတွေလုပ်နေ၊
Mandalay Free Press - MFP
0:00 / 0:00
ဗန်းမောက်မှာ စစ်အုပ်စုနဲ့ SNA တပ်တွေက ကဒူးတိုင်းရင်းသားတွေကို ပေါ်တာဆွဲ ဖမ်းဆီးနှိပ်စက်တာတွေလုပ်နေ၊
571 просмотр · 6 ч назад
Mandalay Free Press - MFP
341 тыс. подписчиков
571 просмотр · 6 ч назад
ရွာပေါင်း ၂၀ နီးပါးက စစ်ရှောင်ထောင်ချီ စားဝတ်နေရေး ခက်ခဲ
MN/MFP ၊ နိုဝင်ဘာ - ၅
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို စစ်အုပ်စုနဲ့ SNA ရှမ်းနီပူးပေါင်းတပ်တွေက ပြန်လည်ထိန်းချုပ်ပြီးနောက် ဒေသခံ ကဒူးတိုင်းရင်းသားတွေကို ပေါ်တာဆွဲ ဖမ်းဆီးနှိပ်စက်တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ ကျူးလွန်နေပြီး ထောင်နဲ့ချီတဲ့ စစ်ရှောင်တွေ စားဝတ်နေရေး ခက်ခဲနေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက MFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ဗန်းမောက်မြို့ကို အခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှာ စစ်အုပ်စုနဲ့ SNA ရှမ်းနီတပ်တွေက ပြန်လည်ထိန်းချုပ်သွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း နေရပ်ပြန် ပြည်သူတွေကို စစ်အုပ်စုနဲ့ ရှမ်းနီအဖွဲ့က ရန်ပြုတာ၊ကန့်သတ်ထိန်းချုပ်တာ၊ပေါ်တာဆွဲ လူသစ်စုတာတွေ လုပ်လာတာကြောင့် စစ်ရှောင်တွေက နေရပ်ကိုပြန်မဝင်ရဲတော့ဘဲ ဆက်လက်စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အခုလက်ရှိက ကဒူးရွာတွေအကုန်လုံးကို သူတို့ SNA က ထိန်းချုပ်ထားတာ။ သူတို့ထိန်းချုပ်ပြီးတော့ ကျွန်တော်တို့ ဒေသခံတွေကို ကျေးရွာတွေမှာ ပြန်လာနေကြဖို့ခေါ်တယ်။ ခေါ်လို့မို့ တချို့သွားပြီးနေကြ ထိုင်ကြတဲ့သူတွေရှိတယ်။ အဲဒီလိုသွားတဲ့အခါမှာ လက်မခံဘူးဆိုပြီးတော့ ပြန်မောင်းထုတ်ပြန်တယ်။ အဲဒီတော့ ပြန်ဝင်ဖို့အတွက် စစ်ရှောင်တွေက ယုံကြည်မှုမရှိတော့ဘူး။ နောက်ပြီးတော့ ကျွန်တော်တို့ ရွာတွေကို ပြန်မဝင်ရဲဘူးဆိုတာကလည်း ကဒူး လူငယ်တွေ အမျိုးသားတွေကို သူတို့ SNA နဲ့ မတွေ့လိုက်နဲ့ တွေ့တာနဲ့ (ပေါ်တာဆွဲ)ခေါ်မယ်။ အဲဒီအတိုင်းဖြစ်နေတာ။ လက်တွေ့ကလည်း သူတို့ ခေါ်ထားတာတွေ အများကြီး။ ကျွန်တော့် တူလေးကိုယ်တိုင်ပဲ ဈေးဝယ်ပြီးတော့အပြန်ကို (SNAက) ဖမ်းလိုက်ပြီးတော့ ရိုက်ပုတ်ပြီး သတ်မယ့်ဆဲဆဲမှာ မသတ်ဘဲနဲ့ သူတို့(SNA)ကနေပြီးတော့မှ ရဲဘော် လုပ်ခိုင်းလိုက်တော့တာ။ အဲဒါကြောင့် ကဒူး လူငယ်တွေ ရွာထဲကို ပြန်မဝင်ကြတာကောင်းတယ်ဆိုပြီး ကျွန်တော်တို့ ကဒူးတွေ အတော်များများက မဝင်ကြတော့တာ”လို့ စစ်ဘေးရှောင် ကဒူး လူငယ်အမျိုးသားက MFP ကို ပြောပါတယ်။
ဒါ့အပြင် ဗန်းမောက်မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း စစ်အုပ်စုနဲ့ SNA ရှမ်းနီတပ်ဖွဲ့ဝင်တချို့က ကျေးရွာထဲမှာ ပိတ်မိနေတဲ့ ကဒူးတိုင်းရင်းသူ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ ရှိခဲ့တယ်လို့လည်း အဓမ္မပြုကျင့်တာခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ မိသားစုဝင်က အခုလို ဆက်ပြောပါတယ်။
“ဗန်းမောက်ကို သူတို့(စစ်အုပ်စု) ပြန်ထိန်းချုပ်ပြီးတဲ့အခါမှာ ကျွန်တော့်အမ အရင်းခေါက်ခေါက် တစ်ယောက်ပေါ့၊ ကျွန်တော့်ယောက်ဖကို သူတို့(စစ်အုပ်စုနဲ့ SNA) ကြိုးချည်ပြီး ရိုက်နှက်နှိပ်စက်ပြီးတော့မှ ယောက်ဖ(အမျိုးသားဖြစ်သူ)ရှေ့မှာ ကျွန်တော့်အမကို မုဒိမ်းကျင့်တယ် အဲဒီကောင်တွေက။ သူတို့လုပ်ချင်တိုင်းတော့ လုပ်ပြီးသွားပြီပေါ့လေ။ အခု အဲဒီ ယောက်ဖက သေသလား ရှင်သလားဆိုတာ အခုထိ ကျွန်တော်တို့ မသိရသေးဘူး၊ သူတို့ခေါ်သွားတာ။ အဆက်သွယ်လည်းမရဘူး။ ”လို့ ကဒူးလူငယ်က ဆိုပါတယ်။
ဗန်းမောက်မြို့နယ်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရှမ်းနီကျေးရွာတွေလည်း အများအပြားရှိနေပြီး အဲဒီရွာတွေမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒေသခံတွေကို လွတ်လပ်စွာ သွားလာခွင့် ပေးထားပေမဲ့ စစ်အုပ်စုနဲ့ SNA ရှမ်းနီ တပ်တွေ ထိန်းချုပ်ထားတဲ့ ကဒူးတိုင်းရင်းသားတွေရှိရာ ကျေးရွာတွေမှာတော့ ဒေသခံတွေကို နေအိမ် ပြန်ခွင့်မပေးဘဲ ဘုန်းကြီးကျောင်းတွေမှာ လှောင်ပိတ်ထားတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
လက်ရှိမှာ ဗန်းမောက်မြို့အနီးက စစ်အုပ်စုနဲ့ SNA ရှမ်းနီတပ်တွေ ထိန်းချုပ်ထားတဲ့ စက်တော၊ နားယကာ၊ ပေကုန်း၊ နားယော၊ ခမိုး၊ နန့်လင်း၊ မြစ်သေးချင်း၊ ဆင်ကန်၊ အလယ်၊ အရှေ့ကုန်း၊ ကံရွာ၊ သခွတ်တော၊ တောင်ကုန်း၊ ခိုနန်း၊ သာယာကုန်း၊ ညောင်ကိုင်း၊ ရွှေကျောင်း၊ ခိုပြင် စတဲ့ ကဒူး တိုင်းရင်းသား ကျေးရွာပေါင်း ၂၀ နီးပါးက လူဦးရေ ၄၀၀၀ ကျော်ဟာ တောတောင်တွေထဲမှာ ပြန့်ကျဲကာ စစ်ဘေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေးအကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျွန်တော်တို့ အခုချိန်မှာကတော့ စားဝတ်နေရေးပေါ့။ စားဖို့နဲ့ ကျန်းမာရေးကို အဓိက ထားပြီးတော့ လုပ်နေရတာ။ ကျန်းမာရေးဆိုရင်လည်း လမ်းပန်းဆက်သွယ်ရေးနဲ့ သွားရေးလာရေး၊ ငွေရေးကြေးရေးပေါ့ ခက်ခဲလို့ အသက်ဆုံးရှုံးရတာတွေလည်း ရှိပါတယ်။ ဆေးရုံရောက်ရင် အသက်ရှင်နိုင်မယ့်သူတွေပေါ့။ စစ်ရှောင်တွေကတော့ ရတဲ့အလုပ်လေးတွေ ကြုံရာလုပ်ကိုင်နေကြရတာပေါ့။ စားဝတ်နေရေးကတော့ ခက်ခဲကြပါတယ်။ ကူညီထောက်ပံ့ပေးကြသူတွေကလည်း လူဦးရေ ၄၀၀၀ ကျော်လောက်ရှိတာဆိုတော့ ရေရှည်လည်း မပေးနိုင်ဘူးလေ။ နပ်မှန်အောင် မဝေပေးနိုင်တော့ဘူးလေ။ အဲဒီတော့ စစ်ရှောင်တွေအတွက် ကူညီပေးကြဖို့လည်း ပြောချင်ပါတယ်”လို့ ကဒူး စစ်ရှောင်ပြည်သူတစ်ဦးက ဆိုပါတယ်။
လက်ရှိမှာ ဗန်းမောက်နယ်မှာ တိုက်ပွဲကြီး ဖြစ်ပွားတာမျိုး မရှိပေမယ့် စစ်အုပ်စုက ဗန်းမောက်မြို့တောင်ပိုင်းကို စစ်ကြောင်းထိုးမယ်လို့သတင်း ထွက်နေတာကြောင့် မြို့အနီးဝန်းကျင်ရှိ ကဒူးကျေးရွာတွေ ဖြစ်တဲ့ လက်နက်ကြီး၊ ပေကုန်း၊ နားယော၊ နန့်လင်း စတဲ့ ကျေးရွာတွေက ပြည်သူတွေလည်း မကြာသေးခင်ကပဲ စစ်ရှောင်နေရတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်အုပ်စုနဲ့ ရှမ်းနီ SNA ပူးပေါင်းအဖွဲ့ဟာ ဗန်းမောက်နယ် အပြင် စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ခန္တီး၊ ဟုမ္မလင်းနဲ့ ဖောင်းပြင်နယ်ရှိ စစ်ရှုံးနယ်မြေတွေကိုလည်း တန်ပြန် ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဗန်းမောက်မြို့အရှေ့ဘက် မိုင် ၃၀ ဝန်းကျင်ကွာဝေးတဲ့ အင်းတော် အပါအဝင် ကသာနဲ့ ဝန်းသိုနယ် မှာလည်း စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်အုပ်စု အထိနာတာကြောင့် နေ့စဉ် ဗုံးကြဲ ရွာမီးရှို့နေတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
ဗန်းမောက်နယ်က စစ်ရှောင်နေကြရဆဲ ကဒူးတိုင်းရင်းသားတွေ/ဓာတ်ပုံ-ကဒူးဒေါ့ကွန်း
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #ဗန်းမောက် #ကဒူး