MNDAAရဲ့လုပ်ရပ်တွေအပေါ် ရှမ်းအဖွဲ့ SSJAC ကန့်ကွက်| People's Spring
People's Spring
0:00 / 0:00
MNDAAရဲ့လုပ်ရပ်တွေအပေါ် ရှမ်းအဖွဲ့ SSJAC ကန့်ကွက်| People's Spring
4 451 просмотр · 5 ч назад
People's Spring
706 тыс. подписчиков
4 451 просмотр · 5 ч назад
MNDAAရဲ့လုပ်ရပ်တွေအပေါ် ရှမ်းအဖွဲ့ SSJAC ကန့်ကွက်
အောက်တိုဘာ-၂၄၊ ၂၀၂၆။ People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားများရဲ့ အခြေခံရပိုင်ခွင့်နှင့် ယဉ်ကျေးမှုများအပေါ် အတင်းအကျပ် ခြိမ်းခြောက်လွှမ်းမိုးမှုတွေကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)တို့ ပါဝင်စုဖွဲ့ထားတဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC)က အောက်တိုဘာ ၂၃ရက်မှာ ထုတ်ပြန်ပါတယ်။
ကိုးကန့်တပ်မတော်(MNDAA)ဟာ စစ်ရေးအခြေအနေအရ နယ်မြေစိုးမိုးမှုရယူပြီးနောက် ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် အုပ်ချုပ်ရေးယန္တရားကို ယာယီ အစားထိုးလည်ပတ်တာကို နားလည် လက်ခံပေးနိုင်ပေမယ့် MNDAA ဖော်ဆောင်နေတဲ့ လုပ်ရပ်တွေဟာ ဒေသခံပြည်သူတွေရဲ့ မူလအခွင့်အရေးကို ဆိုးရွားစွာ ထိခိုက်စေတာမို့ ပြင်းထန်စွာ ကန့်ကွက်ခဲ့တာလို့ ဖော်ပြပါတယ်။
MNDAA လုပ်ဆောင်နေတဲ့ ဘာသာစကားနဲ့ပတ်သက်ပြီး ဒေသခံတွေ ရင်းနှီးကျွမ်းဝင်မှု လုံး၀ မရှိတဲ့ ဘာသာစကားကို ရုံးသုံးအပြင် အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ မဖြစ်မနေ အသုံးပြုဖို့ ဖိအားပေး စေခိုင်းတာ အပါအဝင် အချက် ၅ချက်အပေါ် SSJACက ကန့်ကွက်ခဲ့တာပါ။ ဘာသာစကားနဲ့ပတ်သက်ပြီး SSJAC ရဲ့ ထုတ်ပြန်ချက်မှာ အတိအလင်းဖော်ပြမထားပေမယ့် MNDAAဟာ သူထိန်းချုပ်မြို့ရွာတွေမှာ ဆိုင်းဘုတ်တွေကို တရုတ်စာနဲ့ ရေးသားနေတာဖြစ်ပါတယ်။ အဲဒီလို ရေးသားမှုအပေါ် ရှမ်းလူငယ်အဖွဲ့အစည်းတွေကလည်း ကန့်ကွက်စာထုတ်ပြန်ထားပါတယ်။
မြေယာပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးလည်း ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လုပ်ကိုင်လာခဲ့တဲ့ ဒေသခံတွေရဲ့ တည်ဆဲမြေယာ ပိုင်ဆိုင်မှုစနစ်တွေကို ဒေသခံလူထု သဘောဆန္ဒမပါဘဲ အတင်းအကျပ် ပြုပြင်ပြောင်းလဲတာနဲ့ သိမ်းဆည်းတာကို MNDAAက လုပ်ဆောင်နေတယ်လို့ SSJACက ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံခြားသားများ ဝင်ရောက်လွှမ်းမိုးမှုနဲ့ပတ်သက်ပြီး MNDAAပြဋ္ဌာန်းလိုက်တဲ့ မြေယာဥပဒေ အပါအဝင် အခြားအုပ်ချုပ်ရေးဥပဒေအရပ်ရပ်ဟာ နိုင်ငံခြားသားများ အတားအဆီးမရှိ ဝင်ရောက် လာနိုင်စေခြင်းနဲ့ နိုင်ငံခြားသားများ မြေပိုင်ဆိုင်ခွင့် ရရှိစေမယ့် တိုက်ရိုက်နဲ့ သွယ်ဝိုက် နည်းလမ်းများ ပေါ်ပေါက်နေစေတယ်လို့ ထုတ်ပြန်ပါတယ်။
သမိုင်းနဲ့ ယဉ်ကျေးမှုလက္ခဏာ နဲ့ပတ်သက်ပြီး သမိုင်းစဉ်ဆက် ခေါ်ဝေါ်သုံးစွဲလာခဲ့တဲ့ မြို့ရွာအမည်များနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဆိုင်းဘုတ်အမျိုးမျိုးတို့ကို ဒေသခံများရဲ့ ယဉ်ကျေးမှုနဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိတဲ့ အမည်နာမ၊ ဘာသာစကားတွေနဲ့ အတင်းအကျပ် အစားထိုးပြောင်းလဲတာကို MNDAAက လုပ်ဆောင်နေကြောင်း ဖော်ပြထားပါတယ်။
MNDAAဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်နေကြောင်းလည်း ပါရှိပါတယ်။ MNDAA ရဲ့ လုပ်ရပ်တွေကို ငြိမ်းချမ်းစွာ ကန့်ကွက်တဲ့ ဒေသခံများကို ဖမ်းဆီးခြင်း၊ ဖိနှိပ်ခြင်းနဲ့ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကာ နိုင်ငံသားအခွင့်အရေးနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ SSJACက ထုတ်ပြန်ပါတယ်။
MNDAAက အဲဒီလို လုပ်ဆောင်နေတာဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကိုသာမက ဖက်ဒရယ်ပြည်ထောင်စုစနစ်ရဲ့ အခြေခံ မူများကိုပါ တိုက်ရိုက် ချိုးဖောက်ရာ ရောက်နေကြောင်း SSJACက ထုတ်ပြန်ပါတယ်။
MNDAအနေနဲ့ လူထုဆန္ဒနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေ ချက်ချင်း ရပ်တန့်ဖို့ SSJACက တောင်းဆိုပါတယ်။
=====
စစ်တပ်က ငပြီကျွန်းကို အသေခံကမ်းတက်ဖို့ နေ့စဥ်ကြိုးစား
အောက်တိုဘာ-၂၄၊ ၂၀၂၆။ People's Spring
စစ်တွေမြို့အရှေ့ဘက် ငပြီကျွန်းကမ်းပေါ်ကို အာဏာသိမ်းစစ်တပ်က နေ့စဥ် ကမ်းတက်ဖို့ ကြိုးစားနေပြီး သေဆုံးသူတွေလည်း တိုးနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်ဟာ ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့ပေမယ့် အာရက္ခတပ်တော်(AA)ရဲ့ တိုက်ခိုက်မှုကြောင့် ကျွန်းပေါ်မှာ အခြေချနိုင်ခြင်းမရှိသေးဘဲ လေကြောင်း၊ လက်နက်ကြီးပစ်ကူပေးကာ စစ်သင်္ဘောအများအပြား၊ အမြန်မော်တော်လှေ(Speed boat)အများအပြားသုံးပြီး ကမ်းထပ်တက်၊ အင်အားဖြည့်နိုင်ရေး အသေခံကြိုးစားနေတယ်လို့ သိရပါတယ်။
နေ့တိုင်းကမ်းတက်ဖို့ ကြိုးစားနေပြီး နေ့တိုင်း သေဆုံးတယ်လို့ မြေပြင်မှာရှိနေတဲ့ AA စစ်ရေးသတင်းရင်းမြစ်က စစ်တပ်ရဲ့အခြေအနေကို ရှင်းပြပါတယ်။
စစ်တပ်ဟာ အဲဒီလို အသေခံပြီး ကမ်းတက်ဖို့ကြိုးစားပေမယ့် ကမ်းပေါ်ကို အင်အားအလုံးအရင်းနဲ့ တက်နိုင်တာမရှိတော့ဘဲ ကမ်းစပ်တိုက်ပွဲတွေမှာပဲ သေဆုံးတာ၊ အဖမ်းခံရတာတွေနဲ့သာ ကြုံနေရတယ်လို့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
ပထမအကြိမ်ကမ်းတက်တုန်းက ငပြီကျွန်းပေါ်အလယ်ရွာဝန်းကျင် ရောက်ရှိနေတဲ့ စစ်သားအနည်းငယ်ရှိပြီး သူတို့လည်း ပိတ်မိနေတယ်လို့ သိရပါတယ်။ စစ်ကူထပ်ရောက်မလာတာကြောင့် ကျွန်းပေါ်ရောက် စစ်သားတွေ အငတ်ငတ်အပြတ်ပြတ်ဖြစ်နေတယ်လို့ AA စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
အောက်တိုဘာ ၇ရက်ကစခဲ့တဲ့ ငပြီကျွန်းတိုက်ပွဲနှစ်ပတ်ကျော်အတွင်း AA ရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က သေဆုံးသူ ၁၀၀ ဝန်းကျင်နဲ့ အရှင်ဖမ်းခံရသူ ၅၀ နီးပါးရှိပြီလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်သင်္ဘောနှစ်စီးလည်း မီးလောင်ပျက်စီးခဲ့ပြီး ငပြီကျွန်းပေါ်က စစ်တပ်ထိန်းချုပ်နိုင်ခဲ့တဲ့ နေရာတခုကိုလည်း AA က ပြန်သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ရဲ့ သေဆုံးအရေအတွက်နဲ့ ထိခိုက်မှုအခြေအနေကို လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။
အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာ ၂၃ ရက် မနေ့က စစ်တွေမြို့ပေါ်ကို ဗုံးကြဲခဲ့ပြီး ၉ ဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #MNDAA #မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် #SSJAC #ရှမ်းသဟာယကောင်စီ #ကန့်ကွက်ရှုတ်ချမှု #ရှမ်းပြည်နယ် #မြန်မာ့စစ်ရေးသတင်း #KokangArmy #ShanStateJointActionCommittee #Objection #ShanState #MyanmarConflict #MyanmarNews#စစ်ကောင်စီ #ငပြီကျွန်း #အသေခံကမ်းတက် #ရခိုင်ပြည်နယ် #မြန်မာ့စစ်ရေးသတင်း