ဘန်ကောက်မှာညလုံးပေါက်မိုးကြီးပြီး ရေကြီးနေ | People's Spring
People's Spring
0:00 / 0:00
ဘန်ကောက်မှာညလုံးပေါက်မိုးကြီးပြီး ရေကြီးနေ | People's Spring
54 570 просмотров · 1 день назад
People's Spring
700 тыс. подписчиков
54 570 просмотров · 1 день назад
ဘန်ကောက် မှာမိုးကြီးပြီးရေကြီးရေလျှံမှုဖြစ်ပွားနေ
စက်တင်ဘာလ- ၂၆ ၊၂၀၂၆ ။People’s Spring
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် အရှေ့ပိုင်း ဧရိယာတွေမှာ ရေကြီးမှုတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။
စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းတုန်းက ဒေသတွင်းမှာရှိတဲ့ တူးမြောင်းတွေ အကုန်လုံး ရေလျှံကုန်သလို အဓိက လမ်းမကြီး ၁၅ ခုလည်း ရေတွေ ဖုံးကုန်တယ်လို့ ဘန်ကောက် အုပ်ချုပ်ရေးမှူး ချတ်ဒ်ချတ် ဆစ်တီပွန့်က ပြောကြားခဲ့ပါတယ်။
ဘန်ကောက်ရဲ့ မင်ဘူရီ၊ ခလောင်ဆမ်ဝါနဲ့ ဆက်ဖန်ဆွန်တို့မှာ စက်တင်ဘာ ၂၄ ရက် ညနေပိုင်းကစလို့ ရွာသွန်းခဲ့တဲ့ မိုးတွေက မိုးရေချိန် ၃၀၀ မီလီမီတာ နီးပါးလောက်ထိ များပြားခဲ့ကြောင်း သိရပါတယ်။
ဘန်ကောက် အရှေ့ပိုင်းမှာ မိုးတွေ အရမ်းသည်းလို့ ရေကြီးမှုတွေ ဖြစ်ပေးနေကြောင်း၊ နွန်သာဘူရီနဲ့ ပထုံဌာနီတို့မှာလည်း နောက်ထပ် မိုးတွေ ဆက်ရွာဦးမယ်လို့ ခန့်မှန်းထားကြောင်း၊ ရေကြီးမှု အခြေအနေက လောလောဆယ် လျော့ပါးသွားမယ့် အလားအလာ မတွေ့ရသေးကြောင်း ချတ်ဒ်ချတ်က ပြောပါတယ်။
ရေတွေကို စုပ်ထုပ်ဖို့ အပတ်တကုတ် ကြိုးစားနေပေမယ့် ဘန်ကောက် အရှေ့ပိုင်းက တူးမြောင်းအားလုံး ရေပြည့်နေကြောင်း၊ တူးမြောင်းတွေနားမှာ နေထိုင်သူတွေကတော့ ရေကြီးမှုဒဏ် အဆိုးဆုံး ခံရနိုင်ကြောင်း သူက ဆိုပါတယ်။
မိုးက ဆက်ရွာနေဦးမှာ ဖြစ်တဲ့အတွက် ရေကြီးတဲ့ နေရာတွေမှာ နေထိုင်သူတွေ အနေနဲ့ အဖိုးတန် ပိုင်ဆိုင်မှုတွေနဲ့ ယာဉ်တွေကို ကုန်းမြင့်ပိုင်းဆီ ကြိုရွှေ့ထားကြဖို့လည်း ချတ်ဒ်ချတ်က အကြံပြုခဲ့ပါတယ်။ မိုးက ဆက်ရွာနေဦးမှာလို့လည်း သူက ပြောပါတယ်။
နွမ်သာဘူရီနဲ့ ပထုံဌာနီဖက်ကနေ ရေတွေကလည်း ဘန်ကောက်မြို့ထဲ စီးဝင်လာနေတယ်လို့လည်း အုပ်ချုပ်ရေးမှူးက ဆက်ပြောပါတယ်။ လောလောဆယ်မှာတော့ တူးမြောင်းတွေနား နေထိုင်သူတွေအတွက် ရေကြီးမှု အန္တရာယ် သတိပေးချက်တွေကို အဓိက ထုတ်ပြန်ထားပြီး အိပ်ရာထဲက မထနိုင်တဲ့ လူနာတွေ ဆိုရင်တော့ ဆေးရုံတွေဆီ ကြိုတင် ရွှေ့ပြောင်းဖို့ ညွှန်ကြားထားပါတယ်။
အိမ်ထဲ ရေတွေဝင်လာလို့ ယာယီ ရွှေ့ပြောင်းရသူတွေကိုတော့ ဘန်ကောက်က ကျောင်းတွေမှာ ခိုလှုံနိုင်အောင် စီစဉ်ပေးထားကြောင်း ချတ်ဒ်ချတ်က ဆိုပါတယ်။ ပြီးတော့ ရေဖုံးနေတဲ့ အဓိက လမ်းမကြီး ၁၅ ခုကို ရှောင်ကွင်းသွားလာကြဖို့လည်း ကားနဲ့ဆိုင်ကယ် ယာဉ်မောင်းတွေကို သတိပေး ကြေညာထားပါတယ်။
လူမှုကွန်ရက်တွေပေါ်မှာတော့ ဒူးကျော်ကျော်၊ ပေါင်ရင်းလောက်ထိ နစ်တဲ့ ရေထဲမှာ သွားလာနေတဲ့ ဘန်ကောက်မြို့ခံတွေ၊ တချို့နေရာတွေမှာ ကားတွေပါ ရေနစ်နေတဲ့ ဓာတ်ပုံတွေ ပျံ့နှံ့နေပါတယ်။ ဘန်ကောက် အုပ်ချုပ်ရေး အဖွဲ့ရဲ့ အဆိုအရ မြို့အရှေ့ပိုင်းက တူးမြောင်းအားလုံးဟာ စိုးရိမ်ရေအမှတ် ကျော်လွန်ရုံသာ မကဘဲ ဆက်ပြီး မြင့်တက်လာနေတယ်လို့ သိရပါတယ်။
=====
ဟောမုဇ်ကိုတစ်ပတ်အတွင်းပြန်ဖွင့်ပေးမယ်လို့ အမေရိကန်ဆီအီရန်ကမ်းလှမ်း
စက်တင်ဘာလ- ၂၆ ၊၂၀၂၆ ။People’s Spring
ဟောမုဇ် ရေလက်ကြားကို တစ်ပတ်အတွင်း ပြန်ဖွင့်ပေးမယ့် ကမ်းလှမ်းမှု တစ်ခုကို အမေရိကန်ဆီ ပေးပို့ထားကြောင်း အီရန် အစိုးရက ပြောပါတယ်။
နယူးယောက်မှာ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် ကိုယ်စားလှယ် အဖွဲ့နဲ့ ဦးဆောင် ဆွေးနွေးခဲ့သူ အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီက UN ဌာနချုပ်ရှေ့မှာ သတင်းထောက်တွေဆီ အခုလို အသိပေးခဲ့တာပါ။
တကယ်လို့ လိုအပ်တဲ့ အခြေအနေတွေနဲ့ ကိုက်ညီတဲ့ တုံ့ပြန်မှုမျိုး အမေရိကန်ဖက်က ပြသရင် ဟောမုဇ် ရေလက်ကြားကို အီရန်က ၇ ရက်အတွင်း ပြန်ဖွင့်ပေးမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ပြီးတော့ အီရန် တောင်းဆိုထားတဲ့ ကိစ္စတိုင်းဟာ ဇွန်လတုန်းက နှစ်ဖက် လက်မှတ်ရေးထိုးပြီးမှ ပြန်လည် ပျက်ပြယ်သွားတဲ့ နားလည်မှု စာချွန်လွှာ (MoU)ထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေချည်း ဖြစ်တယ်လို့လည်း အာရက်ချီက မှတ်ချက်ပေးခဲ့ပါတယ်။
အခုတော့ ဘာဆက်လုပ်မလဲ ရွေးဖို့က အမေရိကန် အပေါ်မှာပဲ မူတည်တော့တယ်လို့လည်း သူက ဆိုပါတယ်။ အာရက်ချီက ကြားဝင်ညှိနှိုင်းပေးတဲ့ ကာတာနိုင်ငံကနေတဆင့် အီရန်ရဲ့ အဆိုပြုချက်ကို အမေရိကန်ဆီ ပေးပို့ထားကြောင်း ပြောပါတယ်။ အမေရိကန် အစိုးရ အရာရှိ တစ်ဦးကလည်း အီရန်နဲ့ အမေရိကန်တို့ကြား ကြားခံနိုင်ငံ တချို့ရဲ့ အကူအညီနဲ့ ညှိနှိုင်းမှုတွေ ဆက်လုပ်နေကြောင်း အတည်ပြုခဲ့ပါတယ်။
အီရန်က အမေရိကန်ဆီ ဘာတွေ တောင်းဆိုသလဲ ဆိုတာကိုတော့ အာရက်ချီက ထုတ်မပြောခဲ့ပါဘူး။ လောလောဆယ်တော့ ဟောမုဇ်ရေလက်ကြား ပြန်ဖွင့်ပေးဖို့ကို အမေရိကန်က ဘယ်လောက် အလေးအနက် ထားသလဲ ဆိုတာကို စောင့်ကြည့်ရုံပဲလို့ သူက ဆိုပါတယ်။
အခုသီတင်းပတ် အစောပိုင်းတုန်းကတော့ UN ညီလာခံ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်ဟာ အမေရိကန်နဲ့ သဘောတူညီမှု တစ်ခုခု မရယူနိုင်ဘူးဆိုရင် အဆုံးစွန် ဖျက်ဆီးချေမှုန်း ခံရနိုင်ကြောင်း ခြိမ်းခြောက်ခဲ့ပါသေးတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့တုန်းက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အီရန်မှာ စစ်ပွဲစတင်ခဲ့ပြီး အဲဒီနောက်ပိုင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ဟာ အမေရိကန်ကို ဖိအားပေးဖို့အတွက် နိုင်ငံတောင်ပိုင်းက အချက်အခြာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ်ကို ပိတ်ချခဲ့ပါတယ်။ အီရန်ရဲ့ ခွင့်ပြုချက် မရဘဲ ဖြတ်သန်းတဲ့ အရပ်ဖက် ရေယာဉ်တွေလည်း တိုက်ခိုက် ခံခဲ့ရပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ဘန်ကောက်ရေကြီးမှု #ထိုင်းနိုင်ငံရေကြီးရေလျှံမှု #ဘန်ကောက်မိုးကြီးမှု #နိုင်ငံတကာသတင်း #BangkokFloods #BangkokHeavyRain #ThailandFlooding #FlashFloods #ThailandNews #WorldNews #ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ရေး #အမေရိကန်အီရန်ကမ်းလှမ်းမှု #ဟော်မုဇ်ရေလက်ကြား #အရှေ့အလယ်ပိုင်းတင်းမာမှု #နိုင်ငံတကာသတင်း #StraitOfHormuzReopening #IranUSProposal #StraitOfHormuz #MiddleEastTensions #USIranRelations #WorldNews